မကွေးခရိုင်
မကွေးခရိုင် | |
---|---|
မကွေးတိုင်းအတွင်းရှိ ခရိုင် | |
မကွေးတိုင်းအတွင်းတည်နေရာ | |
မကွေးတိုင်းအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 20°15′N 95°15′E / 20.250°N 95.250°Eကိုဩဒိနိတ်: 20°15′N 95°15′E / 20.250°N 95.250°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | မကွေးမြို့ |
လူဦးရေ (၂၀၁၄) | ၁,၂၃၅,၀၃၀[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မကွေးခရိုင် (အင်္ဂလိပ်: Magway District) သည် မကွေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မကွေးမြို့ဖြစ်သည်။
ပါဝင်သောမြို့နယ်များ
[ပြင်ဆင်ရန်]မကွေးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၂၀၂၂ခုနှစ် ဧပြီလ ၃၀ရက်နေ့တွင် မကွေးခရိုင်မှမြို့နယ်များဖြစ်သော ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့ကို ခွဲထုတ်ကာ ချောက်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၃၈ခုနှစ်တွင် မင်းဘူးခရိုင်တွင်ပါဝင်သော တောင်တွင်းကြီးစီရင်စုနှင့် ရေနံချောင်းစီရင်စုများကို မကွေးခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ နောက်တွင် မကွေးခရိုင်ပါဝင်သော မင်းဘူးပြည်နယ်(မင်းဘူးတိုင်း)ကို မကွေးတိုင်းဟု အမည်ပြောင်းခဲ့သည်။ တိုင်းနှင့် ခရိုင်ရုံးများသည် ရေနံချောင်းမြို့တွင် ရုံးစိုက်ကြသည်။၁၉၅၅ခုနှစ်တွင် မိတ္ထီလာတိုင်း (ယခုမန္တလေးတိုင်း) မြင်းခြံခရိုင်မှ ချောက်မြို့နယ်ကို မကွေးခရိုင်အတွင်း ထည့်သွင်းခဲ့ရာ မကွေးခရိုင်တွင် မြို့နယ်(၆)မြို့နယ် ဖြစ်လာခဲ့သည်။ ရေနံချောင်းနယ်တွင် မကွေး၊ ချောက်၊ ရေနံချောင်းတို့ပါဝင်ကာ တောင်တွင်းကြီးနယ်တွင် နတ်မောက်၊ မြို့သစ် တောင်တွင်းကြီးတို့ ပါဝင်သည်။၁၉၇၄ခုနှစ်မှစ၍ မကွေးတိုင်း၏ ဖွဲ့စည်းပုံကို အသစ်ပြင်ဆင်ကာ မကွေးမြို့သို့ တိုင်းနှင့်ခရိုင်ရုံးများ ပြောင်း၍ရုံးစိုက်ခဲ့သည်။ ခရိုင်၏ အကျယ်အဝန်းမှာ ၃၇၂၄ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၄၂၄ရွာ ဖြစ်သည်။[၃]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]နယ်နိမိတ်
[ပြင်ဆင်ရန်]မြောက်ဘက်တွင် မန္တလေးတိုင်းမှ ညောင်ဦးခရိုင်၊ အရှေ့ဘက်တွင် မန္တလေးတိုင်းမှ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်၊ ပြည်ထောင်စုနယ်မြေမှ ဒက္ခီဏခရိုင်နှင့် ဥတ္တရခရိုင်၊ တောင်ဘက်တွင် သရက်ခရိုင်၊ အနောက်ဘက်တွင် မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]မကွေးခရိုင်သည် အနောက်ဘက် ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် နုံးတင်မြေနုရပ်ကွက်ဖြစ်သည်။ မြေသည်နိမ့်ရာမှတဖြည်းဖြည်း မြင့်မားမတ်စောက်သွား၍ သစ်ပင်များ မပေါက်ဘဲရှိ၏။ တောင်ကြား တောင်ချောက်များလည်းရှိသည်။ မြစ်ချောင်းများ၏ အောက်ပိုင်း မြစ်ဝှမ်းချောင်းဝှမ်းများမူကား မြေပြန့်ဖြစ်သည်။ ခရိုင်၏ မြောက်ဘက်မှာ တောက်လျှောက် တောင်ကုန်းများဖြစ်၍ အချို့နေရာများတွင် ပေ ၁၅ဝဝ ပင်မြင့်သည်။ ခရိုင်၏ တောင်ဘက်တွင်မူ တောင်ကုန်းများပြီးလျှင် မြေနိမ့်မြေပြန့်ပေါ်လာပြန်သည်။ တောင်ဘက် အလယ်တည့်တည့်တွင် တည်ရှိသော လွင်ပြင်ကြီးမှာ မြောက်ဘက်မှသည် တောင်ဘက်သို့၄၅ မိုင်၊ အရှေ့ဘက်မှသည် အနောက်ဘက်သို့မိုင် ၃ဝ ခန့်ကျယ်ပြန့်သည်။ ဤလွင်ပြင်ကား ယင်းချောင်းဝှမ်း တစ်ဝိုက်တွင် ဖြစ်၏။ လွင်ပြင်ဆုံးသောအခါ တောင်ကုန်းများ ပေါ်လာပြန်သည်။ ပဲခူးရိုးမနှင့် တစ်ဆက်တည်းရှိသော တောင်များဖြစ်၍ စိမ်းလန်းစိုပြေသော သစ်ပင်များ အုပ်ဆိုင်းနေသဖြင့် ရှုမောဖွယ် ဖြစ်တော့၏။ တစ်ဖန် အလယ်ပိုင်း မြေပြန့်အလွန်တောင်စောင်းများ တစ်လျှောက်တွင် ပြုလုပ်ထားသောတောင်ယာတို့မှာလည်း လှပသော ရှုခင်းဖြစ်၏။ ယင်းချောင်းဝှမ်း တစ်လျှောက်မှာလည်း တစ်မျိုးပင် သာယာ ပေသေး၏။
ရေဆင်း
[ပြင်ဆင်ရန်]မကွေးခရိုင်တွင်း ဖြတ်သန်းစီးဆင်းသော မြစ်ချောင်းတို့အနက် အနောက်ဘက်တွင် နယ်နိမိတ်အဖြစ် တည်ရှိသော ဧရာဝတီမြစ်သည် အရေးပါအရာရောက်ဆုံး မြစ်ကြောင်းဖြစ်၏။ သင်္ဘောကြီးငယ် စုန်ဆန်ခုတ်မောင်းနိုင်သည်။ ပင်းချောင်းသည် ညောင်ဦးခရိုင်တွင်းရှိ ပုပ္ပါးတောင်မှ အဦးအစ စီးဆင်းပြီးသော် မကွေးခရိုင်၏ မြောက်ဘက်နယ်စပ် တစ်လျှောက် အနောက်ဘက်သို့ စီးဆင်းပြီးလျှင် ရေနံချောင်းမြို့၏ အထက်နားဆီတွင် ဧရာဝတီမြစ်တွင်းသို့စီးဝင်သည်။ ယင်းချောင်းသည် ရမည်းသင်းခရိုင် ယင်းတော်အနီးမှ စတင်စီးဆင်းကာ ပဲခူးရိုးမကို ဖြတ်ကျော်ပြီးလျှင် မကွေးခရိုင်တွင်းသို့ အရှေ့မြောက်ဘက်မှ စီးဝင်လာသည်။ တောင်ကုန်းများကို လွန်သောအခါ တောင်အရပ်သို့လှည့်၍ စီးဆင်းသည်။ အောက်ဘက်မိုင် ၆ဝ ခန့်အကွာတွင် စတုန်၊ ရန်ပယ်နှင့် တောင်ကူချောင်းတို့သည် ယင်းချောင်းတွင်းသို့စီးဝင်သည်။ ထို့ပြင် အခြားချောင်းများလည်း စီးဝင်သေးသည်။ အထက်တွင် ဖော်ပြခဲ့သော အလယ်ပိုင်း မြေပြန့်သည်ကား ဤချောင်းများ ဆုံစည်းရာ တစ်ဝိုက်ပင် ဖြစ်ပေသည်။ မြေဩဇာ အထူးကောင်းမွန်သည်။ ထို့နောက် ယင်းချောင်းသည် အနောက်ဘက်သို့လှည့်၍ စီးဆင်းပြီးလျှင် မကွေးမြို့အထက် ၈ မိုင်ကွာ မြင်ကွန်းရွာ အနီးတွင် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည်။ ပင်းချောင်းနှင့် ယင်းချောင်းတို့သည် ရုတ်ခြည်း ရေလွှမ်းတတ်သည်။ ချောင်းငယ်များမူကား နွေအခါတွင် ခန်းခြောက်တတ်သည်။ ခရိုင်တွင်း အင်းကြီးအိုင်ကြီး ဟူ၍ကား မရှိပေ။
ရာသီဥတု
[ပြင်ဆင်ရန်]မကွေးခရိုင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးပါးရေရှား ရပ်ဝန်းတွင် တည်ရှိသောကြောင့် ရာသီဥတုမှာ အပူအအေး မမျှဘဲရှိ၏။ နွေရာသီတွင် ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၈၅ ဒီဂရီအထက်ဖြစ်၍ ဆောင်းရာသီတွင် ဒီဂရီ ၆ဝ မျှအထိ ကျဆင်းသည်။ သို့သော် ခရိုင်တစ်ခုလုံးမှာ ယေဘုယျအားဖြင့် ကျန်းမာရေးဖြင့် ညီညွတ်သည်။ မိုးရေချိန်မှာ တစ်နှစ်လျှင် ၂၇ လက်မခန့်ဖြစ်သည်။
လူဦးရေ
[ပြင်ဆင်ရန်]၁၉၅၆ခုနှစ်တွင် မကွေးခရိုင်၏ လူဦးရေမှာ ၆၅၃,၂၇၄ဦးဖြစ်သည်။၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးခရိုင်၏ လူဦးရေမှာ ၁,၂၃၅,၀၃၀ဦးဖြစ်ကာ အမျိုးသား ၅၆၇,၂၃၅ဦး၊ အမျိုးသမီး ၆၆၇,၇၉၅ဦးဖြစ်သည်။ မကွေးတိုင်းအတွင်းရှိ ခရိုင်(၅)ခုတွင် လူဦးရေအများဆုံး ခရိုင်ဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၂၅၃,၀၇၄ဦးရှိကာ မြို့ပြနေရာခိုင်နှုန်းမှာ ၂၀.၅ရာခိုင်နှုန်းဖြစ်သည်။ ဗမာလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
စီးပွားရေး
[ပြင်ဆင်ရန်]မကွေးခရိုင်သည် မကွေးတိုင်းအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော ဒေသဖြစ်သည်။ မကွေးခရိုင်အတွင်း၌ စိုက်ပျိုးရေး ဖြစ်ထွန်းသည်။ ဆန်စပါးကို အဓိက စိုက်ပျိုးသည်။ အထူးသဖြင့် ပင်းချောင်းနှင့် ယင်းချောင်းတစ်လျှောက်၊ တောင်တွင်းကြီးနယ် တစ်ဝိုက်တွင် အများဆုံး စိုက်ပျိုးသည်။ ဆန်စပါး အပြင်ကြက်သွန်ခင်းများကိုလည်း စိုက်ပျိုးသည်။ မြေအနိမ့်အမြင့် မညီသောကြောင့် ဆန်စပါး မစိုက်ပျိုးနိုင်သော အရပ်များ၌ နှမ်းနှင့်ပြောင်းတို့ကို စိုက်ပျိုးသည်။ မကွေးနှမ်းသည် ကောင်းမွန်သဖြင့်နာမည်ကျော်ပေသည်။ ရေနံ ချောင်း၊ နတ်မောက်နှင့် မကွေးမြို့နယ်များတွင် ပြောင်း၊ နှမ်း၊ မြေပဲနှင့် အာလူးတို့မှာ အဓိက ထွက်ကုန်ဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ကမ်း တစ်လျှောက်နှင့် မြစ်အတွင်း ပေါ်ထွန်းသော ကျွန်းငယ်များပေါ်တွင် ငရုတ်၊ ပြောင်းဖူး၊ ဆေးရွက်ကြီးနှင့် ပဲအမျိုးမျိုးကို စိုက်ပျိုးသည်။
မကွေးခရိုင်သည် မြန်မာနိုင်ငံတွင် ရေနံအများဆုံး ထွက်သော ခရိုင်ဖြစ်သည်။ ရေနံချောင်းနှင့် ချောက်မြို့အနီးတွင် ရေနံတွင်းကြီး အမြောက်အမြားရှိသည်။ ခရိုင်တွင်းရှိ ပင်းချောင်းကမ်းပေါ်တွင် ဆားတွင်းအနည်းငယ် ရှိ၍၊ ယင်းချောင်းကမ်းတွင် ထုံးကျောက် အနည်းငယ်ရှိသည်။ ဤသည်တို့အပြင် မကွေးခရိုင် အရှေ့ဘက်တွင် ကြိုးဝိုင်းသစ်တောများရှိ၍ ကျွန်းပင် အများအပြား ပေါက်ရောက်သည်။ နာမည်ကျော် စလေဆီးသီးထွက်သော စလေမြို့သည် မကွေးခရိုင်တွင်း၌ ပါရှိသည်။ မကွေးဖန်ခါးသည်လည်း ထင်ရှားပေသည်။ မကွေးမှ ကွမ်းညှပ်၊ ဓားများလည်း ထွက်သည်။ ထို့ကြောင့် မကွေးခရိုင်မှ ထွက်သော ပစ္စည်းတို့မှာ ရေနံ၊ နှမ်းဆီ၊ ပဲဆီ၊ ဆန်စပါး၊ နှမ်း၊ ထန်းလျက်၊ မြေပဲ စသည်တို့ဖြစ်သည်။
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]မကွေးခရိုင်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော ခရိုင်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် ဆက်သွယ်သော လမ်းမကြီးများစွာ ခရိုင်အတွင်း ဖြတ်သန်းသွားသည်။ ခရိုင်အတွင်းရှိမြို့များနှင့် အခြားတိုင်းနှင့်ပြည်နယ်များကို ဆက်သွယ်သည့်လမ်းများသည် ကွန်ယက်သဖွယ်ရှိနေသည်။ဧရာဝတီမြစ်သည် အနောက်ဘက် တစ်လျှောက်မှ စီးဆင်းသည်နှင့် အညီ သင်္ဘောကြီးငယ်တို့သည် မကွေး၊ ရေနံချောင်း၊ မြင်ကွန်း၊ မိကျောင်းရဲ၊ မင်းရွာ စသည်တွင် ဆိုက်ကပ်ရပ်နားသည်။ ချောက်မြို့တွင် အနော်ရထာတံတားနှင့် မကွေးမြို့တွင် ဧရာဝတီတံတား (မကွေး)တို့ တည်ရှိကာ မကွေးတိုင်း၏ အနောက်ဘက်ခြမ်းရှိ ဒေသများသို့ ဆက်သွယ်ပေးသည်။
ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့မှသည် မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်းမြို့သို့ခွဲထွက်လာသော မီးရထားလမ်းသည် မကွေးခရိုင်အရှေ့ဘက်ရှိ မြို့များဖြစ်သော တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့များကို ဖြတ်သွားပေသည်။ ယင်းမြို့များမှာ ကုန်စည် ဖြန့်ဖြူးရာ ဌာနများဖြစ်သည်။ ရန်ကုန် - ပြည်ကားလမ်းမှ ဆက်၍ မြင်းခြံသို့ပေါက်သော ကားလမ်းသည် မကွေး၊ ရေနံချောင်း မြို့များကို ဖြတ်သွားသည်။ မြင်းခြံရောက်လျှင် မြင်းခြံ-မန္တလေးလမ်းနှင့် ဆက်မိသဖြင့် ရန်ကုန်-မန္တလေးသို့တိုက်ရိုက်ကားလမ်းပေါက်သည်။ မကွေးမြို့တွင် လေယာဉ်ကွင်းလည်း ရှိသည်။ မကွေးလေဆိပ်သည် စစ်ဖက်နှင့် အရပ်ဖက် နှစ်မျိုးစလုံး သုံးစွဲသောလေယာဉ်ကွင်းဖြစ်သည်။[၄]၂၀၀၈ခုနှစ်တွင် ရပ်နားခဲ့သော အများပြည်သူများအတွက် လေယာဉ်ခရီးစဉ်များသည် ၂၀၁၉ခုနှစ်မှစ၍ ပြန်လည်ပြေးဆွဲခဲ့သည်။[၅]
ပညာရေး
[ပြင်ဆင်ရန်]၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်နှုန်းမှာ ၉၁.၂ရာခိုင်နှုန်းဖြစ်သည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များအပြင် ဆေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်များပါရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]မကွေးမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ တိုင်းဒေသကြီးဆေးရုံ၊ ကုတင်(၂၀၀)ဆံ့ သင်ကြားရေးဆေးရုံ၊ ကုတင်(၁၀၀)ဆေးရုံ၊ ချောက်မြို့နယ်တွင် ကုတင်(၁၅၀)ဆံ့ ရေနံဆေးရုံ၊ ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ရေနံချောင်းမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ (၁)ရုံ၊ နတ်မောက်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ မြို့သစ်မြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တောင်တွင်းကြီးမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တို့တည်ရှိသည်။
ထင်ရှားသည့်နေရာများ
[ပြင်ဆင်ရန်]မကွေးခရိုင်တွင်းရှိ တန်ခိုးကြီး ဘုရားများမှာ မကွေးမြို့တွင် မြသလွန်ဘုရား၊ တောင်တွင်းကြီးမြို့ရှိ ရွှေရောင်တော်နှင့် ရွှေအင်းတော်တို့ဖြစ်၏။ ရှေးအခါက ရွှေရောင်တော် ဘုရားတွင် နှစ်စဉ်ဘုရားပွဲ ကျင်းပသော်လည်း ယခုအခါ မကွေး မြသလွန်ဘုရားတွင်သာ သီတင်းကျွတ်လတွင် နှစ်စဉ် ဘုရားပွဲကျင်းပလျက် စည်ကားလှပေသည်။ မကွေးခရိုင် တောင်တွင်းကြီးနယ် အတွင်းရှိ ဆတ်သွားမြို့အနီးတွင် မြို့တော်ဟောင်း တစ်ခုဖြစ်သော ဗိဿနိုးမြို့ပျက်၏ အစအန အကြွင်းအကျန်များကို တွေ့နိုင်ပေသေးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆
- ↑ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 25 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2022 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
- ↑ Orbats။
- ↑ CONVENIENT TRAVELING: YANGON-MAGWE FLIGHT RESUMED OPERATION။