မာတိကာသို့ ခုန်သွားရန်

ကကုသန်

ဝီကီပီးဒီးယား မှ
(ကကုသန်ဘုရား မှ ပြန်ညွှန်းထားသည်)

ဤဘုရားရှင်သည်[] ဘဒ္ဒကမ္ဘာ၌ ဦးစွာပွင့်သော ဘုရားဖြစ်၏။ [] ကောဏ္ဍည စသော ၂၄-ဆူ တွင် ၂၁-ဆူမြောက် [] ဝိပဿီ စသော ၇-ဆူတို့တွင် ၄-ဆူမြောက် ဖြစ်၏။ [] ခေမဝတီမြို့ ခေမင်္ကရမင်း၏ ပုရောဟိတ် အဂ္ဂိဒတ္တပုဏ္ဏားနှင့် ဝိသာခါ ပုဏ္ဏေးမတို့မှ ခေမဝတီဥယျာဉ်၌ ဖွားမြင်တော်မူ၏။

အနှစ် ၄၀၀၀-ပတ်လုံး ကာမ, ကာမဝဏ္ဏ, ကာမသုဒ္ဓိ နန်းမသုံးဆောင်၌ ရောစိနီ အမှူးရှိသော ရံရွေ ၃၀၀၀၀-တို့ဖြင့် စံတော်မူ၏။ သားတော် ဥတ္တရကို ဖွားမြင်ပြီးလျှင် နိမိတ် ၄-ပါးမြင်တော်မူ၍ အာဇာနည် မြင်းကသော ရထားယာဉ်ဖြင့် တောထွက်တော်မူပြီးလျှင် ပဓာနအကျင့်ကို ၈-လပတ်လုံး ကျင့်တော်မူ၏။ ကဆုန်လပြည့်နေ့ ၌ သုစိရိန္ဓနိဂုံး ဝဇိရိန္ဓပုဏ္ဏားသမီး လှူအပ်သော နို့ဃနာကို ဘုဉ်းပေးတော်မူပြီးလျှင် ထိုအနီး ရှားတော၌ နေ့သန့် (နေခို) တော် မူ၏။ ညနေချမ်း ဗောဓိမဏ္ဍိုင်သို့ ကြွရာ မုယောခင်းစောင့် သုဘဒ္ဒလှူသော မြက် ၈-ဆုပ်ကို မဟာဗောဓိ ကုက္ကိုပင်ရင်း၌ ဖြန့်ခင်းသည်နှင့် တပြိုင်နက် ၃၄-တောင်ရှိသော ပလ္လင်ပေါက်၍ ထိုပလ္လင်၌ သဗ္ဗညုဘုရား ဖြစ်တော်မူ၏။

မကိလမြို့အနီး မိဂဒါဝုန်၌ ရဟန်း ၄၀၀၀၀-အား တရားဓမ္မစက် ဟောမြွက်တော်မူ၏။ ထိုအခါ ကုဋေ ၄၀၀၀၀-အရေအတွက်ရှိသော နတ်လူတို့အဘို့ ပဌမ အကြိမ် သစ္စာ ၄-ပါး သိမြင်သော ကျွတ်တမ်းဝင်ပွဲကြီး ဖြစ်၏။ ထို့နောင် တဖန် ကဏ္ဏကုဇ္ဇမြို့ တံခါးအနီး အင်ကြင်းပင်ကြီး အပါးဝယ် ရေမီးအစုံအစုံဖြစ်သော တန်ခိုး ပြာဋိဟာ ပြတော်မူပြီးလျှင် တရားဒေသနာ ဟောတော်မူသောအခါ ကုဋေ ၃၀၀၀၀- အရေ အတွက်ရှိသော နတ်လူတို့အဘို့ ဒုတိယ အကြိမ် သစ္စာ ၄-ပါးသိမြင်သော ကျွတ် တမ်းဝင်ပွဲကြီးဖြစ်၏။ ထို့နောင် အခါတပါး၌ ခေမာဝတီမြို့ အနီး နရဒေဝ နတ်ဘီလူး၏ ဗိမာန်၌ စံနေတော်မူလျက် ယင်းဘီလူး အမှူးရှိသော ဝေနေယျ သတ္တဝါအပေါင်းတိုအား တရားဒေသနာဟောတော်မူသောအခါ အတိုင်းမသိ များပြားကုန်သော နတ်လူတို့ အဘို့ တတိယအကြိမ် သစ္စာလေးပါး သိမြင်သော ကျွတ်တမ်းဝင်ပွဲကြီးဖြစ်၏။ []

ဩဝါဒပါတိမောက်ကို ကိုယ်တော်တိုင် နှစ်စဉ်ပြတော်မူ၏။ [] ပါတိမောက်ပြသော အချိန်ကာလကား တပို့တွဲ လပြည့်နေ့ဖြစ်၏။ [] အဂ္ဂသာဝကတို့ကား ဝိဓုရနှင့် သဉ္ဇီဝ မထေရ်၊ အဂ္ဂသာဝိကာတို့ကား သာမာထေရီ နှင့် စမ္ပာထေရီ၊ အလုပ်အကျွေး ရဟန်းကား ဗုဒ္ဓိဇရဟန်း၊ အလုပ်အကျွေးမတို့ကား နန္ဒာ နှင့် သုနန္ဒာ ဥပါသိကာမတို့ ဖြစ်ကုန်၏။ [] ကကုသန် ဘုရားနှင့် တပည့်သားတို့အား နှောက်ရှက်လေ့ရှိသူမှာ ဒူသီမာရ်နတ်ဖြစ်၏။ [] ကျောင်းတကာကား အစ္စုတသေဌေး။ [၁၀] အလုပ် အကျွေးတကာတို့ကား ယင်းအစ္စုတနှင့်သုမန သေဌေးတို့ဖြစ်ကုန်၏။ [၁၁] ဘုရားရှင်၏ အရပ်တော်ကား အတောင် ၄၀, ကိုယ်မှ ထွက်သော ရောင်ခြည်တော်ကား ဝန်းကျင် ဆယ်ယူဇနာရှိ၏။ [၁၂]

ဤဘုရားရှင်လက်ထက် တော်၌ ရဟန္တာ ၄၀၀၀၀-တို့၏ သာဝကသန္နိပါတတကြိမ်ဖြစ်၏။ [၁၃] သက်တော် ကား အနှစ်၄၀၀၀၀-ရှည်တော်မူ၏။ [၁၄] ခေမဝတီမြို့ခေမမည်သောအရံ၌ ပရိနိဗ္ဗာန် စံတော်မူရာ တည်ထားသောဓာ တုစေတီတော်သည် တဂါဝုတ်မြင့်၏။ [၁၅] ကကုသန်ဘုရားရှင် ဩဇဒီပမည်သော သီဟိုဠ်ကျွန်းသို့ရဟန္တာ ၄၀၀၀၀-နှင့်ကြွတော် ဘေးရောဂါကျရောက်နေသော သူတို့အား ဘေးရောဂါမှ ကင်းဝေးစေတော်မူခဲ့၏။ ကကုသန်ဘုရားရှင်၏ ရေစစ်တော်ကို အဘယမြို့ စေတီတဆူ၌ ဌာပနာတည်ထားခဲ့၏။ (အကျယ်ကို [၁၆]-ကဏ္ဍတို့၌ ကြည့်။)[၁၇]

၂၅။ ကကုသန်-ဘုရားရှိခိုး+ဆုတောင်းဂါထာ

[ပြင်ဆင်ရန်]

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. ကကုသန္ဓ (ပု) [ကု+ သံ + ဓာ + အ။ ကကု ဝုစ္စတိ ဂုဏရာသိ၊ ကကုံ သန္ဓေတီတိ ကကုသန္ဓော။ နိရုတ္တိ၊နှာ။၃၇၃။] ကကု သန္ဓမည်သောဘုရား။
  2. (ဓမ္မ၊ဋ္ဌ၊၁။၆၅။)
  3. (ဓမ္မ၊ဋ္ဌ၊၁။၅၃။)
  4. (ဓမ္မ၊ဋ္ဌ၊၂။၁၅၃။)
  5. (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၆-၇-၈။)
  6. (ဓမ္မ၊ဋ္ဌ၊၂၊၁၅၃။)
  7. (ဗုဒ္ဓဝံ၊ဋ္ဌ၊ ၂၉၈။)
  8. (ဗုဒ္ဓဝံ။၃၇၂။ အပ၊ဋ္ဌ၊၁။၅၃။ ဇာ၊ဋ္ဌ၊၁။၅၁။)
  9. (မ၊၁။၄၀၇-၄၁၅။)
  10. (ဇာ၊ဋ္ဌ၊၁။၁၁၀။)
  11. (ဗုဒ္ဓဝံ။၃၇၂။)
  12. (ဗုဒ္ဓဝံ။၃၇၃။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၉၊ ၃၄၉၊၃၅၀။)
  13. (ဒီ၊၂၊၅။)
  14. (ဒီ၊၂၊၃။ ဗုဒ္ဓဝံ။၃၇၃။)
  15. (ဗုဒ္ဓဝံ။၃၇၃။)
  16. ဒီပဝံသ။ ၁၅-၁၇
  17. တိပိဋကအဘိဓာန် အတွဲ-၅
  18. အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)